link

Sunday, December 7, 2014

နှစ်ပေါင်း ၁၅၀ ကျော်ရှိပြီဖြစ်သော ကွေ့ချောင်းခံတပ်




နှစ်ပေါင်း ၁၅၀ ကျော်ရှိပြီဖြစ်သော ကွေ့ချောင်းခံတပ်

မကွေး လှမြင့်

မကွေးမြို့နယ် ၊ မြင်ကွန်းတိုက်နယ် အတွင်း၌ သမိုင်းတွင် ထင်ရှားခဲ့ပြီး လူသိနည်း၍ တိမ်မြှုပ်နေသော ခံတပ်တစ်ခု ရှိ၏။ အင်္ဂလိပ် - မြန်မာ တတိယ စစ်ပွဲတွင် အင်္ဂလိပ် ရေတပ်အား ဒုက္ခများစွာ ပေးခဲ့သော " ကွေ့ချောင်း " ခံတပ် ဖြစ်၏။

ကွေ့ချောင်း ခံတပ်သို့ မကွေးမှ စက်လှေဖြင့် စုန်ဆင်းသွားပြီး မြင်ကွန်းအောက် ဘုရားကုန်းရွာ မှ တစ်ဆင့် သွားနိုင်ပြီး ပထနဂိုရ်ရွာ ဘက်ကလည်း လှည်းလမ်း ပေါက်သည်။ အထက်မင်းလှ တွင်ရှိသော မင်းလှ ခံတပ်နှင့် ဓားလွယ်ခုတ် တည်ရှိသည်။ မင်းလှမှ စက်လှေမြင့် ကွေ့ချောင်း ခံတပ်ကို ရောက်နိုင်သည်။ ကွေ့ချောင်း ခံတပ်သို့ ကိုယ်တိုင် သွားရောက် လေ့လာ သိရှိသမျှ တင်ပြပါမည်။ မြင်ကွန်း ကျေးရွာအောက် ၅ မိုင်ခန့် အကွာတွင် မတ်စောက် မြင့်မားသော ကမ်းပါးရံ တစ်ခုပေါ်၌ အုံ့ဆိုင်းနေသော မန်ကျည်းပင်ကြီး တစ်ပင်အား မြင်ရသည်။ ထို နေရာသည် ကွေ့ချောင်း ခံတပ် တည်နေရာ ဖြစ်သည်။ မြန်မာတို့သည် အင်္ဂလိပ်တို့ ဆန်တက် မလာနိုင်အောင် ခုခံ တားဆီးရေး အစီအမံများ ပြုလုပ်ကြသည်။ ယင်းသို့ လုပ်ဆောင်ရာတွင် ဆင်ပေါင်ဝဲ မြို့နယ် စစ်အောင်ခန်း ခံတပ် ၊ ပန်တော်ပြင် ကတုတ် ၊ ထူးပေါက် ကတုတ် ၊ မင်းလှခံတပ် ၊ ကွေ့ချောင်း ခံတပ် ၊ အ၀ခံမြို့ ၊ စစ်ကိုင်းခံမြို့ ၊ သပြေတန်း ခံမြို့ တို့ ဖြစ်ကြသည်။

ကွေ့ချောင်း ခံတပ်နှင့် ပတ်သက်၍ " အချောင်ကြံစည် ၊ ခံမြို့တည် " ဟု မှတ်တမ်းတင် ထားသည်။ ကွေ့ချောင်း ခံတပ်အား သက္ကရာဇ် ၁၂၂၃ ခုနှစ်တွင် တည်ထောင် ခဲ့ကြောင်း လင်္ကာဖြင့် မှတ်တမ်း ပြုထားသည်။

အင်္ဂလိပ် - မြန်မာ ဒုတိယစစ်ပွဲ အပြီး ဆယ်နှစ်ခန့် အကြာ ရတနာပုံ နေပြည်တော် တည်ထောင်ပြီး နှစ်နှစ်ခန့်တွင် တည်ဆောက် ခဲ့ခြင်း ဖြစ်သ်ည။ " အချောင်ကြံစည် " ဟူသော မှတ်သားချက် သည် အဓိပ္ပာယ် ထိမိလွန်း လှသည်။ ခုနှစ် ၊ ကိန်းကဏန်းကို အက္ခရာ သင်္ကေတ ပြုထားခြင်း ဖြစ်သည်။

အ(၁) ၊ ချောင်(၂) ၊ ကြံ(၂) ၊ စည်(၃) သက္ကရာဇ်ကို စာဖြင့် သင်္ကေတ ပြုထားခြင်း ဖြစ်သည်။ အင်္ဂလိပ် သည် နှစ်ကြိမ် တိုင်တိုင် ရန်ပြု၍ နိုင်ငံတော် တစ်ဝက်ကိုလည်း သိမ်းပိုက်ပြီး ကျန်အပိုင်းကို အမျိုးမျိုး ကြံစည်လျက် အချောင် သိမ်းပိုက်ဦးမည့် ရန်ကို ခုခံ ကာကွယ်ရန် ကွေ့ချောင်း ခံတပ်အား တည်ဆောက်ခြင်း ဖြစ်သည်ဟု သတိပေး လှုံ့ဆော်သည့် သဘောလည်း ဖြစ်သည်။

ကွေ့ချောင်း ခံတပ်သည် မကွေးမြို့နယ် မြင်ကွန်းတိုက်နယ် အောက် ဧရာဝတီမြစ်၏ လက်ဝဲဘက်မ်း ၌ တည်ရှိသည်။ လက်ယာဘက် ကမ်း မင်းလှခံတပ် နှင့် ဓားလွယ်ခုတ် တည်ရှိသည်။ ဧရာဝတီ ရေမျက်နှာပြင် ပေ ၄၅၀ ခန့်မြင့်သော တောင်ကုန်းပေါ်တွင် တည်ရှိ၍ မတ်စောက်သော မြစ်ကမ်းနဖူးမှ ၃၅ ပေခန့်သာ ကွာသည်။ ခံတပ်မှ မိုင်ဝက် အကွာတွင် ဘုရားကြီးရွာ ရှိသည်။ ခံတပ် တည်ရာကုန်း ကို တပ်ကုန်း ၊ ကူလီကုန်း ဟုလည်း ခေါ်သည်။ ကွေ့ချောင်း အနီးရှိသော ၂၁၉ ပေမြင့်သည့် တောင်ကုန်းပေါ်တွင် စေတီဖြူဖြူ တစ်ဆူ ရှိသည်။ ထိုစေတီ နှင့် ခံတပ် တည်နေရာသည် အကွက်အကွင်း ကောင်းလှသည်။

ကွေ့ချောင်း ခံတပ်သည် ထောင့်မှန် စတုဂံပုံ ဖြစ်သည်။ ဘေးဘက်တွင် အကာအကွယ် တံတိုင်းမရှိ ၊ ကျုံးလည်း မရှိ ၊ မြောက်မှ တောင်သို့ အလျားပေ ၂၄၀ ခန့်ရှည်၍ အနံ ၁၅၅ ပေခန့် ကျယ်သည်။ ခံတပ်ကို နှစ်ပိုင်း ခွဲထားသည်။ မြောက်ဘက်ခြင်း သည် တံတိုင်း အလုံကာထားသော ခံတပ် ဖြစ်သည်။

ကွေ့ချောင်း ခံတပ်သည် မြေတွင်း ခံတပ်ပုံစံ ဖြစ်ပြီး ဧရာဝတီ မြစ်ဘက်မှ မြေပေါ်တွင် ရှိ၍ ကျင်း ၂၀ဆင့်မှာ မြေအောက်တွင် ရှိသည်။ မြေပေါ် အဆင့်ကို ဧရာဝတီမြစ် ဘက်က မမြင်ရ သော်လည်း မြောက်ဘက် နှင့် အရှေ့ဘက် တို့မှ မြင်တွေ့ နိုင်သည်။ မြောက်တံတိုင်းတွင် မီးပေါက် ၈၆ ပေါက် ရှိပြီး တောင်ဘက် မျက်နှာတွင် အမြောက်တင် အုတ်ရိုးစင်မြင့် အလံတိုင် စိုက်ထူရာ စင်မြင့် တပ်မှူး အမိန့်ပေးရာ စင်မြင့်များ ရှိသည်။ အောက် တည့်တည့်တွင် လိုဏ်ဂူခန်းမကြီး တစ်ခုရှိသည်။ အထက်နှင့် အောက် ဆက်သွယ်ထားသော အုတ်လှေကား တစ်ခုစီ ရှိသည်။

ခံတပ်၏ တောင်ဘက် မျက်နှာတွင် ခံစစ်ကြောင်း နှင့် စစ်ပြု ကွက်လပ်များမှာ တောင်မှ မြောက်သို့ တစ်ဆင့် တစ်ဆင့် မြင့်သွားသည်။ ခံစစ်ကြောင်း တစ်ခုနှင့် တစ်ခုကြားတွင် အလျား ၁၇၈ ပေ ၊ အနံ ပေ ၅၀ ခန့်စီ ကျယ်ဝန်းသော ကွက်လပ်များ ရှိသည်။ အတွင်းအုတ်ရိုး  အောက်ခြေတွင် သေနတ်ပစ်ရန် အောက်ခံခုံဖြင့် အုတ်ရိုးများ တွေ့ရသည်။ ပထမ ခံစစ်ကြောင်း အလျယ်ဗဟို တည့်တည့် တွင် မြေ၌ မြှုပ်ထားသည့် ရေထွက် ပိုက်လုံးကြီး ရှိသည်။

မြေအောက် အဆင့်နှစ်ဆင့် တွင် ပထမ အဆင့်၌ စစ်သည်တော်များ နေထိုင်ရန် မြေတွင်း အုတ်တန်းလျားများ ၊ ရိက္ခာ သိုလှောင်ရုံများ ၊ အရာရှိ ရုံးခန်းများ နှင့် လိုဏ်ဂူခန်းမကြီး ရှိသည်။ အုတ်တန်းလျား များ၏ အခန်း တစ်ခုစီ၏ အကျယ်အ၀န်း မှာ အလျား ၁၁၄ ပေ ၉ လက်မ ၊ အနံ ၁၆ ပေ ၆ လက်မ ၊ အမြင့် ၁၁ ပေ ၆ လက်မ ၊ နံရံများ၏ အထူထုမှာ  ၄ ပေရှိသည်။ တန်းလျား တစ်ခုလျှင် စစ်သည် ၁၅၀ ခန့် နေထိုင်နိုင်သည်။

မြေအောင် ဒုတိယအဆင့် မြေကြီးထဲ၌ နွားနို့ကုလား နို့ပုံးများ ကဲ့သို့ အုတ်အင်္ဂတေဖြင့် တည်ဆောက် ထားသော ရေတွင်း ရေကန်ကြီး နှစ်ခု ရှိသည်။ သာမန် မျက်စိဖြင့် ကြည့်လျှင် မမြင်နိုင် အတွင်းသို့ မီးထွန်းကြည့်မှ မြင်နိုင်သည်။ ထို ရေလှောင်ကန်ကြီး နှစ်ခုပေါင်း အလျားမှာ  ၆၁ ပေရှိပြီး ထိပ်နှုတ်ခမ်းဝ အပိုင်း၌ အစို့များ တပ်ဆင် ထားသည်။ ထိုအစို့များကို သံပြားများ ဖုံးကာ သံမှိုများ နှက်ထားသည်။ မြေအောက် ရေလှောင်ကန် များ၏ ရေတွင်း အနက်မှာ ၇၅ ပေရှိသည်။ ကန်နှစ်ခု အကြားတွင် အုတ်ရိုးဖြင့် ပိုင်းခြားထားပြီး ရေလွှဲ အုတ်တံခါးပေါက် တစ်ခု ပြုလုပ်ထားသည်။ မြေတွင်း၌ လက်နက် တိုက်ခန်းနှစ်ခု ရှိရာ တစ်ခုမှာ လိုဏ်ဂူကြီး အတွင်း အနောက်ဘက် နံရံမှ အထဲသို့ ၀င်ရသည်။ ကျန်တစ်ခုသည် အရာရှိများ ရုံးခန်း၏ အနောက် တည့်တည့်တွင် ရှိသည်။ လက်နက် တိုက်ခန်းများ အ၀တွင် အုတ်ရိုးတံခါး နှစ်ခု တပ်ဆင် ထားသည်။ အတွင်းဘက် ခန်းမကြီး တစ်ခုထဲ၌ အခန်းကလေး တစ်ခုငုံ၍ ဆောက်လုပ် ထားသည်။ ထို အခန်း အတွင်းသို့ အပြင်မှ လေတစိမ့်စိမ့် ၀င်လျက်ရှိပြီး လေကောင်း လေသန့် အမြဲ ရရှိအောင် ဆောက်လုပ် ထားသည်။

ဂျင်နရယ် ပရင်ဒါဂတ် ဦးဆောင်သော ပြည်သိမ်းတပ်များ ဧရာဝတီ မြစ်ကြောင်း မှ ဆန်တက်လာသော အခါ ပြည်လုံးအံ့ လှေသင်း ဗိုလ်မင်း ကျော်သိဒ္ဓိရန်အောင် မောင်စံလှ နှင့် လှေသင်း အမှုထမ်း လူ ၅၀၀ ၊ အမြောက် အလုံးရေ နှစ်လုံး ၊ စိန်လက်ရေ ငါးခု ပါသောတပ်ကို ကွေ့ချောင်း ခံတပ်က စည်းကြပ် ရသည်။ ခံတပ်တွင် ရှိသော စစ်သည် ရဲမက်များ နှင့် တိုက်ပွဲ ဖြစ်ပွားပြီး ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက် နံနက်က ရဲမက်အင်အား ၁၇၀၀ ခန့် ရှိသည်ဟု ဆိုသည်။

ကုန်းဘောင် မင်းဆက် မဟာ ရာဇ၀င်တော် ကြီးတွင် မင်းလှခံတပ် နှင့် ကွေ့ချောင်း ခံတပ် များသည် ရန်သူ့လက် ကျရောက် သွားပုံကို အောက်ပါအတိုင်း ဖော်ပြ ထားသည်ကို တွေ့ရသည်။

" မင်းလှမြို့ ကွေ့ချောင်းခံမြို့ များကို အင်္ဂလိပ် စစ်သည်များက ကြည်းအား ၊ ရေအား ချီတက်ကာ စစ်နှစ်ဖက်ညှပ်၍ ဗုံးအမြောက် ၊ သေနတ် ၊ လက်နက် တို့နှင့် ပစ်ခတ် တိုက်ခိုက်ကြရာ ပြည်လုံးအံ့လှေသင်း ဗိုလ်ရွေးကြီး လှေသင်းဗိုလ် တို့ကလည်း အမြောက် သေနတ် ၊ လက်နက်များ နှင့် မီးပေါက်မိုး ရွာ၏။ ထိုသို့ ခုခံ ပစ်ခတ် တိုက်ခိုက်သဖြင့် အင်္ဂလိပ် ကြည်းကြောင်း တပ်များ မတတ်နိုင်ဘဲ တန့်၍ နေသည်။ အထိအခိုက် အကျအဆုံး များနှင့် ခံတပ်ခြေ အရောက် ချီတက် လာသည်တွင် စစ်သည် ဗိုလ်ခြေ အင်အားချင်း မမျှ၍ မြန်မာ ရဲမက်တော် ၇၀၀ ၊ အမြောက် လုံးရေ ၃၅ လုံး နှင့်တကွ မင်းလှခံမြို့ ကို အင်္ဂလိပ် စစ်ဗိုလ်ကြီး က ရလေသည့် အပြင် ကွေ့ချောင်းခံမြို့ ကိုလည်း အင်္ဂလိပ် စစ်သည်တို့က ရလေ၏ " ဟု ဖော်ပြထားသည်။

ကွေ့ချောင်း ခံတပ်အား တည်ဆောက်ချိန် မှ ယနေ့ထိ နှစ်ပေါင်း ၁၅၀ ကာလ သက်တမ်း ရှိခဲ့ပြီး တတိယ အင်္ဂလိပ် - မြန်မာ စစ်ပွဲတွင် ထိခိုက် ပျက်စီးမှု များနှင့် နှစ် ၁၀၀ ကျော်အတွင်း လေဒဏ် ၊ မိုးဒဏ် အဖျက်အဆီး အမျိုးမျိုး တို့ကြောင့် ယခု တွေ့မြင့် ရသမျှသည် မူလခံတပ် ၏ အခြေအနေ ကို မှန်းဆ ပုံဖော် ကြည့်ရန်ပင် မလှယ်တော့ပါ။

ထို့ကြောင့် ရှေးဟောင်း လက်ရာများကို ပြုပြင် ထိန်းသိမ်း ထားသင့်ကြောင်း နှင့် လေ့လာ ကြည့်ရှုသင့်သော နေရာတစ်ခု ဖြစ်ကြောင်း ရေးသား လိုက်ရပါသည်။

No comments:

Post a Comment

Twitter Bird Gadget