link

Friday, January 17, 2014

ငပလီ ကမ်းခြေ အလည်သွားရအောင်..


မြန်မာနိုင်ငံရဲ့ အထင်ကရကမ်းခြေတစ်ခုဖြစ်တဲ့ငပလီကိုသွားမယ်ဆိုရင် လမ်းနှစ်မျိုးရှိပါတယ်။ ရန်ကုန်ကနေပြီး စတင် ထွက်ခွာရတဲ့ လမ်းကြောင်းနှစ်မျိုးပါ။ တစ်ခုကလေယာဉ်နဲ့ နောက်တစ်ခုကတော့ ကားလမ်းခရီးပါ။ ငပလီသွားရာ လမ်းကြောင်း တစ်လျှောက်က ရေခံမြေခံ ရှုခင်းတွေကို လေ့လာခံစားချင်တယ်ဆိုရင်တော့ကားလမ်းခရီးက ပိုအဆင်ပြေ ပါလိမ့်မယ်။ ဒါပေမယ့် ၁၄နာရီကျော်သွားရတဲ့ခရီးဖြစ်လို့ ကားပမ်းတာတော့ရှိမှာပါ။ လေယာဉ်နဲ့ကတော့(၄၅)မိနစ်လောက်စီးလိုက်ရင် သံတွဲ လေဆိပ်ကို ရောက်ပါပြီ။ သံတွဲနဲ့ ငပလီက 18km ပဲဝေးတော့ပါတယ်။
ကားလမ်းခရီးနဲ့သွားဖို့ရွေးချယ် မယ်ဆိုရင်တော့ရန်ကုန်ကနေ မနက်စောစောထွက်ရင်ပို အဆင်ပြေပါတယ်။ လမ်းခရီးမှာ အစားအသောက် ရပ်နားဖို့နေရာတွေလည်း အများကြီးရှိပါတယ်။ ရိုးရာအစားအသောက်စုံပြီး ဈေးနှုန်း သင့်တင့်တဲ့ဆိုင်တွေ ရှိပါတယ်။ လက်ပံတန်း ကျွန်းကလေးတာဆုံတလျှောက်မှာ ဆိုင်တွေအများကြီးရှိပါတယ်။ စနှိုက်ကြော၊် စာကလေးကြော်၊ ဆီထမင်း စတဲ့ရိုးရာ အစားအစာတွေအများကြီးရနိုင်ပါတယ်။ ရေပြာ စားသောက်ဆိုင်တန်းမှာဆိုရင်လည်း ဆတ်၊ ဂျီ၊ တောကြောင်၊ တောဝက်၊ ယုန်၊ ပွေးစတဲ့ တောကောင်သားတွေရပါတယ်။ ရန်ကုန်နဲ့ ၂၃ဝ ကီလိုမီတာလောက်ဝေးတဲ့ ပြည်မြို့ကိုရောက်ရင် တစ်ထောက်နားပြီး ပြည်ရွှေဆံတော်ဘုရားကို ဝင်ရောက်ဖူးမြော်နိုင်ပါတယ်။
ပြည်ကနေ ဧရာဝတီမြစ်ကို တံတားနဲ့ဖြတ်ကူးပြီးရင် ရခိုင်ရိုးမနယ်မြေဖြစ်တဲ့ မြစ်အနောက်ဘက်ကမ်းကိုရောက်ပါပြီ။ တောက်တက် တောင်ဆင်းလမ်းတွေကို စတင်ကျော်ဖြတ်မောင်းနှင်ပြီး နာရီဝက်ကျော်ကျော်မှာ ဥသျှစ်ပင်လမ်းဆုံကိုရောက်ပါပြီ။ ဒီလမ်းဆုံကနေ မန်းရွှေစက်တော်ကိုလည်း သွားနိုင်ပါတယ်။ ဥသျှစ်ပင်လမ်းဆုံကနေ တောင်ကုတ် လမ်းကိုရောက်တာနဲ့ ရခိုင်ရိုးမရဲ့ တောင်တက် တောင်ဆင်းရှုခင်းလမ်း တွေကို လန်းလန်းဆန်းဆန်း ခံစားရမှာပါ။ တောင်ကုတ်ကို မရောက်ခင်လမ်းမှာ မျှစ်၊ အသားခြောက်တွေရောင်းတဲ့ ဆိုင်လေးတွေရှိပါတယ်။ ဒီဆိုင်လေးတွေမှာ ခဏနားပြီးရခိုင်ရိုးရာ ကြက်သောက်ဆမ်းဟင်းနဲ့ ထမင်း ကောင်း ကောင်းမှာ စားနိုင်ပါတယ်။
တောင်ကုတ်ကနေ သံတွဲ။ သံတွဲကိုရောက်ပြီဆိုရင်တော့ ငပလီ ကိုရောက်တာနဲ့အတူတူပါပဲ။ လေဆိပ်လည်းရှိတဲ့ မဇင်ရွာ ကနေ ၇ ကီလိုမီတာလောက် မြွေလိမ်မြွေကောက်လမ်းကို ဖြတ်မောင်းပြီးရင် လုံးသာရွာကို ရောက်ပါပြီ။ ငပလီရွာ၊ ရွှေဝါချိုင့်၊ မြပင်၊ လုံးသာ စတဲ့ရွာလေးတွေဟာ ကမ်းခြေနဲ့ တောင်စောင်းတွေကြားမှာတည်ရှိပါတယ်။ သန့်ရှင်းတဲ့ သဲသောင်ပြင်၊ ပြာလွင်တဲ့ ကောင်းကင်၊ လှိုင်းနုနုပုတ်သံတွေနဲ့ အတူ မြို့ပြရဲ့ မွန်းကြပ်တဲ့စိတ် တွေကို ဖြေလျော့ပေးနိုင်ဖို့ ငပလီကစောင့်ကြိုနေပါတယ်။ မြန်မာနိုင်ငံရဲ့ ကမ်းခြေတွေထဲမှာ အစောဆုံးဖွင့်လှစ်ပြီးအဆင့်အတန်းမြင့်ငပလီကမ်းခြေဟာ ရခိုင်ပြည်နယ်ရဲ့ ရတနာတစ်ခုဖြစ်သလို မြန်မာနိုင်ငံကို ကမ္ဘာကသိစေတဲ့နေရာတစ်ခုဖြစ်ပါ တယ်။
ကမ္ဘာ့အဆင့်မီ မြို့ပြ ဟိုတယ်တွေ၊ အပန်းဖြေနားနေစခန်းတွေနဲ့ ငပလီကမ်းခြေဟာ လက်ရှိမြို့ပြ ကမ္ဘာရဲ့အဝေးက အေးချမ်းတဲ့ နေရာတစ် ခုဖြစ်ပါ တယ်။ ကမ်းခြေတစ်လျှောက်မှာ စက်ဘီးစီးရင်းဖြစ်ဖြစ်၊ လမ်းလျှောက်ရင်း ဖြစ်ဖြစ်အပန်းဖြေ အနားယူ နိုင်ပါတယ်။ ပင်လယ်ရေသတ္တဝါဆိုးတွေရဲ့ အနှောက်အယှက်ကင်းတဲ့ ကမ်းခြေဖြစ်လို့ ငြိမ်းငြိမ်းချမ်းချမ်းရေကစားနိုင်ပါတယ်။ ဘောကွင်းစီးမလား၊ စက်လှေငှားပြီး ငါးဖမ်းထွက်မလား။ အဆင်ပြေပါတယ်။ တစ်ခါရောက်ဖူးရုံနဲ့ နောက်တစ်ခါထပ်လာချင်မယ့် ငပလီကမ်းခြေကိုသွား ကြည့်ပါလို့တိုက်တွန်း လိုက်ချင်ပါတယ်။ဒီတစ်နှစ်သင်္ကြန်ရုံးပိတ်ရက်တွေမှာ ငပလီကိုသွားချင် စိတ်များ မရှိဘူးလား။

No comments:

Post a Comment

Twitter Bird Gadget